ရွှေမန္တလေးရဲ့  လမ်းမတွေဟာ မီးဟုန်းဟုန်း တောက်မယ့်အလား ပူပြင်းလို့ နေတယ်။ နင်ဂျာတစ်ကောင်လို ဖန်ဆင်းပြီး ဆိုင်ကယ်တော်မြတ် (နန်းဆန်သော မြို့ဖြစ်သောကြောင့် နန်းဆန်ဆန် သုံးနှုန်းထားခြင်း ဖြစ်ပါသည်) ပေါ်မှာ ခွ၍ သွားချင်ရာခရီးကို အသော့နှင်ရပါတော့သည်။ မကြာခဏ (စိတ်ကူးပေါက်မှ) လာတတ်သောမီးကြောင့် အဲကွန်း၊ ပန်ကာ များလည်း အလုပ်လက်မဲ့ ဖြစ်နေတာကြာပြီ။ ပြင်းပြသော အပူဒဏ်ကို ရှောင်ရန် နည်းလမ်းများမှာ အဲကွန်းရှိသော အအေးဆိုင်၊ အင်တာနက်ဆိုင် နှင့် ရုပ်ရှင်ရုံများတွင် အချိန်သွားဖြုန်းခြင်းဖြစ်သည်။ အအေးသောက်ဖန်များ၍ လည်ချောင်းရောင်ရမ်းခြင်းသည်လမ်း ဘေးထွက်ဆိုးကျိုး တစ်ခုပင်ဖြစ်သည်။
မန္တလေးမြို့၏ မီးပွိုင့်များသည် ဘာသိဘာသာနိုင်လှသည်။ မကြာခဏဆိုသလိုပင် ဇိဝအသက်ကင်းမဲ့ကာ ရွှေဆိုင်ကယ်တော်များကလည်း ကိုယ့်ဥပဒေကိုယ် ပြဌာန်းကာ ဖြတ်သန်းကြပေသည်။ သေချာတာတစ်ခုက မန္တလေးမှာ ဆိုင်ကယ်စီးတတ်လျှင် တစ်ကမ္ဘာလုံး ပတ်နိုင်လောက်၏။ ထူးထူးခြားခြား သတိထားမိတာ တစ်ခုကတော့ အစားအသောက်များ လက်ရာကောင်းမွန်ခြင်းနှင့် ဈေးသက်သာခြင်းဖြစ်သည်။ ကြံရည်တစ်ခွက် ၁၀၀ ဆိုတော့ တော်တော်လေး သဘောကျမိသသည်။ အောက်ဈေးလိုက်သော (မန္တလေးအသုံးအနှုန်း) ရွှေမန္တလေးသားများအတွက် အဆင်ပြေလှသည်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရာကောင်းမွန်သော အစားအစာများကို သင့်တင့်သောနှုန်းထားဖြင့် စားသောက်နိုင်သော မန္တလေးမြို့ဖြစ်ပါသည်။
ညနေခင်း တောင်တမန်းအင်းကိုအသွား ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆည်းဆာအလှနဲ့ ပနံတင့်နေခဲ့တယ်။ တစ်ဖြည်းဖြည်း တိမ်ကောလာတဲ့ မိခင်ဧရာဝတီမြစ်ကြီးရဲ့ ၀ိုးတ၀ါး အနာဂတ်ကို တွေးကြည့်မိတော့ ကျွန်တော့ရင်တွေ တင်းကျပ်လာခဲ့တယ်။ ထိန်းသိမ်းမှုအားနည်းတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ တစ်ချိန်မှာ ဘုရားစူးရှိခဲ့ပါတယ်လို့ ပြောယူရမယ့် ကျွန်တော်တို့ရဲ့ သယံဇာတ အရင်းအမြစ်တွေ ... ကျွန်တော့ရဲ့ လူဗြိန်းဦးနှောက်နဲ့ ပူလောင်နေတဲ့ရင် .. ကျွန်တော်လေ .. သက်ပြင်းရှည်ရှည်တစ်ခုကိုပဲ ချမိတော့တယ်။
သူရဲကောင်းဆန်ဆန် ဆုံးဖြတ်ချက်မျိုးနဲ့ ပြင်ဦးလွင်မြို့ကို မနက်ခပ်စောစော တက်ဖို့ကြိုးစားခဲ့ကြသည်။ စပ်ဖျင်းဖျင်းလေပူများက ခရီးစဉ်တစ်လျှောက် တွေ့သမျှ အရာတိုင်းလို နွမ်းလျှသွားစေသည်။ တောင်တက်လမ်းတစ်လျှောက် ယက်ကန်ကန်နဲ့ တောင်ပေါ်မြို့လေးသို့ အရောက်သွားခဲ့ပါတယ်။ မြို့ဝင်တယ်ဆိုရင်ပဲ အေးမြတဲ့လေအေးလေးတွေက စတင်မိတ်ဆက်ပါတော့တယ်။ စိတ်တွေကြည်လင် ပေါ့ပါးသွားစေတယ်။ မရောက်မဖြစ် ကန်တော်ကြီးကိုလည်း အရောက်သွားခဲ့သေးတယ်။ ဧပရယ်လဆိုတော့ ပန်းတွေက များများစားစား မပွင့်လှဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကန်တော်ကြီးကတော့ သူ့ရဲ့ စံကို ထိန်းသိမ်းထားတုန်းပဲ။ ရွှံ့နွံတောမှာ လမ်းလျှောက်ခဲ့တယ်။ မမြင်တာကြာပြီဖြစ်တဲ့ ယူကလစ်ပင်တွေအောက် လမ်းလျှောက်ခဲ့တယ်။ သစ်ပင်ကြီးတွေကို ရှင်သန်ခွင့်ပေးထားလို့ စိတ်ချမ်းသာရတယ်။ သဘာဝရဲ့ အလှက တန်ဖိုးအရှိဆုံးပဲ။
သတိထားခဲ့မိတာက ပြင်ဦးလွင်မှာ ဘောဒါတွေတော်တော်များများ ဖွင့်ထားတာကိုတွေ့ ခဲ့ရတယ်။ ရန်ကုန်ထက်စာရင် ကုန်ကျစရိတ်သက်သာတာရယ်၊ ပတ်ဝန်းကျင် ပိုပြီးဆိတ်ငြိမ်တာရယ်၊ ရာသီဥတုကောင်းမွန်တာ ရယ်ကြောင့် မိဘအများစုက သဘောကျကျတယ်လို့ ဆိုပါတယ်။ ပညာရေးအတွက်ကောင်းမွန်ပေမယ့် အချိန်တိုင်း စာ၊စာ၊စာ ဖြစ်နေရတဲ့ ကျောင်းသားလေးတွေကိုတော့ သနားမိတယ်။ ညနေစောင်း ပြင်ဦးလွင်မြို့ အပြင်ဘက် ဒီဇင်ဘာစားသောက်ဆိုင်မှာ သွားစားဖြစ်တယ်။ အလွန်ဆိတ်ညံပြီး သက်တောင့်သက်သာရှိတဲ့ ဆိုင်လေးပါပဲ။ အပြန်တော့ အေးစက်လွန်းတဲ့ ပြင်ဦးလွင်ညကို ဆိုင်ကယ်စီးရင်း တွေ့ကြုံခဲ့ရတယ်။ ပင်လယ်ပြင်မျက်နှာအထက် ပေ ၃၅၀၀ ကျော်မှာရှိတဲ့ တောင်ပေါ်မြို့လေးရဲ့ လွမ်းမောဖွယ်ညလေးနဲ့အတူ ကျွန်တော့ရဲ့ မွေးရပ်မြေ မြစ်ကြီးနားမြို့လေးကိုလည်း လွမ်းနေမိတော့တယ်။
အပြန်ခရီးမှာတော့ မ၀ယ်မဖြစ် ဒေသထွက်ဝိုင်နဲ့ စတော်ဘယ်ရီယိုတွေ ၀ယ်လာခဲ့ပါတယ်။ တောင်ဆင်းလမ်းတွေကတော့ လွန်ခဲ့တဲ့ ၁၀ နှစ် (ကျွန်တော် နောက်ဆုံးရောက်ခဲ့တဲ့အချိန်) ထက်စာရင် အလွန်ကောင်းသွားခဲ့ပါပြီ။ ၂၁ မိုင်မှာခဏနားရင်း တောင်ပေါ်မြို့လေးကိုလည်း နှုတ်ဆက်ခဲ့တယ်။ နောင် ... ဘယ်အချိန်မှ ပြန်ရောက်မှာလဲ ..မသိ။
မန္တလေးကအပြန် နေပြည်တော်လမ်းမကြီးက ဖြောင့်ဖြူးလို့ ။ သီတင်ကျွတ်ညများလို ထိန်ထိန်သာနေတဲ့ မီးရောင်က လမ်းမကြီးတစ်လျှောက်။ ထုံးစံအတိုင်း တပ်ကုန်းက Pioneer restaurant မှာရပ်နားပါတယ်။ ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးဆိုင်ပဲဖြစ်မယ် ထင်ပါတယ်။ April 10 မနက်စောစော ရန်ကုန်ကို ပြန်ရောက်ပါတယ်။ မန္တလေးရဲ့ အငွေ့အသက်တွေက ကျွန်တော့စိတ်ကို ရသမျိုးစုံပေးနိုင်သလို အပြင်ပိုင်းပြောင်းလဲမှုတွေလည်း ပေးပါတယ်။ ဥပမာ - လည်းချောင်းနာခြင်း၊ အသားမည်းခြင်း။ ဘယ်လိုပဲဖြစ်ဖြစ် ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂုဏ်ယူစရာ ကျွန်တော်တို့ ရဲ့ မန္တလေးမြို့လေးကို ဒီထက်ပိုပြီး လှပလာစေချင်တာ၊ တိုးတက်လာစေချင်တာ ကျွန်တော့ရင်ထဲက စစ်မှန်တဲ့ တောင်းဆုလေးတစ်ခုပါ။
Subscribe to:
Post Comments (Atom)
2 comments:
အင်း
မန္တလေး က အစားအသောက်ကောင်းတာ လဲ မှန်တယ် ။
ဆိုင်ကယ် စည်းကမ်း မရှိတာ လဲ မှန်တယ် ။
အပျို တွေကော ဘယ်နှယ့် တုန်း
အောက်ဈေးလိုက်သော ရွှေမန္တလေးသားများဆိုပါလား ???
အောက်ဈေးလိုက်တဲ့ ဘယ်မန္တလေးသားတွေနဲ့များ တွေ့သွားပါလိမ့်
အားလုံးတော့ မဟုတ်ပါဘူး
Post a Comment